ဈေးကွက်ဈေးနှုန်း

မိုးကြက်သွန်နီသစ်များ ဈေးကွက်သို့ဝင်ရောက်လာ

Last Updated:
  •       ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်မှစတင်၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် များတွင် ဥစိုက် နှင့် ပျိုးပင်စိုက် ကြက်သွန်နီများ ထွက်ပေါ်လျှက်ရှိပြီး ဈေးကွက်သို့ စတင် ဝင်ရောက် နေကြောင်းသိရသည်။
  •    တိုင်းဒေသကြီးအတွင်း ကြက်သွန်နီအများဆုံးစိုက်ပျိုးသော ဒေသမှာ မြင်းခြံ ခရိုင်ဖြစ်ပြီး၊ မိတ္ထီလာခရိုင်တွင်ဒုတိယအများဆုံးစိုက်ပျိုးပါသည်။ စိုက်ပျိုးမှုနည်းသော်လည်း အရည် အသွေး ကောင်းကြက်သွန်နီများထွက်သည့် ကျောက်ဆည်ခရိုင်ရှိ မြို့နယ်များ ဖြစ်သည့် စဉ့်ကိုင်၊ မြစ်သား နှင့် ဝမ်းတွင်းတို့တွင် စိုက်ပျိုးသည့် ပျိုးပင်စိုက်ကြက်သွန်နီ များမှာ အစောဆုံးထွက်ပေါ်လေ့ရှိပြီးယခုအချိန်တွင်စတင်ဝင်ရောက်နေပြီဖြစ်သည်။ယခု ထွက်ပေါ် နေသည့် မိုးကြက်သွန်နီများမှာ တာရှည်အထားမခံသဖြင့် ကြာရှည် သိုလှောင် ခြင်းမပြုပဲ ဈေးကွက်အတွင်း သို့ ချက်ချင်း ရောင်းချ ကြပြီး နွေစိုက်ကြက်သွန်နီ များ ထွက်ပေါ် မှသာ လှောင်လက်များဝယ်ယူ သိုလှောင်ကြသည်။
  •     ၂၀၂၁ -၂၀၂၂ ခုနှစ် ကြက်သွန်နီစိုက်ပျိုးရာသီတွင် အလုပ်သမားခ ဈေးမြင့်တက်ခြင်းမရှိ သော်လည်း သွင်းအားစုဈေးမြင့်တက်လာခြင်းကြောင့် စိုက်ဧကများလျော့ကျပြီး အထွက် နှုန်းလည်းနည်းကြောင်းသိရသည်။ ယခုထွက်ရှိနေသည့် မိုးကြက်သွန်နီကို ရန်ကုန်နှင့် မြဝတီ ဘက် သို့ တင်ပို့နေကြောင်း သိရသည်။
  •   မန္တလေးဈေးကွက်တွင် ကြက်သွန်နီတစ်ပိဿာဈေးနှုန်းများမှာ လက်ကား‌ဈေး ကျပ် ၃၀၀/၄၀၀/၅၀၀၊ လက်လီဈေး ကျပ် ၁၀၀၀/၈၀၀/၆၀၀/၅၀၀၊ ကျောက်ဆည်ဈေးကွက်တွင် နွေ ကြက်သွန်နီ (အဟောင်း) တစ်ပိဿာ လက်ကားဈေး ကျပ် ၂၀၀ / ၃၀၀ /၄၀၀၊ လက်လီ ဈေးနှုန်း ကျပ် ၃၀၀/၄၀၀/၅၀၀၊ မိုးကြက်သွန်နီ(အသစ်) လက်ကားဈေးတစ်ပိဿာ ကျပ် ၅၀၀/ ၆၀၀ / ၇၀၀၊ လက်လီဈေး တစ်ပိဿာ ကျပ် ၆၀၀/ ၇၀၀/၈၀၀ ဖြင့် လတ်တလော အရောင်းအဝယ်ဖြစ်နေသည်။မိုးကြက်သွန်နီများမှာ အဝင်နည်းနေသေး ကြောင်းသိရသည်။
  •     မြင်းခြံဈေးကွက်တွင် ယခင်နှစ် နွေကြက်သွန်နီ (အဟောင်း) တစ်ပိဿာလျှင် လက်ကား ဈေး ကျပ် ၁၅၀/၂၀၀/၃၀၀၊ လက်လီဈေး ကျပ် ၂၅၀မှ  ၃၅၀၊ မိုးကြက်သွန်နီ ( အသစ် ) တစ်ပိဿာလျှင် လက်ကားဈေး ကျပ် ၃၀၀/၅၀၀/၆၀၀၊ လက်လီဈေးနှုန်း ကျပ် ၃၀၀/ ၇၅၀/ ၈၀၀ ဖြင့် ရောင်းဝယ် နေကြောင်းသိရသည်။ နွေကြက်သွန်နီမှာ ယခင်နှစ် သီးနှံဖြစ်၍ သိုလှောင်ချိန်ကာလကြာမြင့်နေပြီဖြစ်၍ အရောင်မလှခြင်း၊အညှောင့်ထွက်ခြင်းများကြောင့် အရည်အသွေးအလိုက် ဈေးအနိမ့်၊ အမြင့် ဖြင့် ရောင်းဝယ်နေကြောင်း၊ မြင်းခြံဈေးကွက်သို့ နွေကြက်သွန်နီ ပိဿာ ၁၅၀၀၀ မှ ၂၀၀၀၀ ခန့်၊ မိုးကြက်သွန်နီ ပိဿာ ၁၀၀၀၀၀မှ ၁၈၀၀၀၀ ခန့်ဖြင့် နေ့စဉ်ဝင်ရောက် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

         ချောစုဝင်း  (ရတနာပုံကုန်သွယ်မှုဗဟိုဌာန)